လုပ်ကြံသတင်း (Disinformation) Disinformation
ဤအရင်းအမြစ်သည် လုပ်ကြံသတင်း (Disinformation) ကို အဓိကထားဖော်ပြထားပြီး ၎င်းမှာ လူအများကို လှည့်ဖြားရန်နှင့် ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် တမင်တကာ ဖန်တီးထားသော သို့မဟုတ် မျှဝေထားသော သတင်းအချက်အလက်များ ဖြစ်သည်။
သတင်းအမှား (Misinformation) ဆိုသည်မှာ လှည့်ဖြားရန် သို့မဟုတ် ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်မရှိဘဲ မျှဝေမိသော မှားယွင်းသည့် သို့မဟုတ် မတိကျသည့် သတင်းအချက်အလက်များ ဖြစ်သည်။
New Zealand Security Intelligence Service (NZSIS) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လုပ်ကြံသတင်း (Disinformation) ဆိုသည်မှာ ထိခိုက်နစ်နာမှုဖြစ်စေရန် သို့မဟုတ် ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်တစ်ခု အောင်မြင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ပျံ့နှံ့စေသော မှားယွင်းသည့် သို့မဟုတ် လှည့်ဖြားသော သတင်းအချက်အလက်များ ဖြစ်သည်။ ၎င်းကို အင်တာနက် သို့မဟုတ် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အများဆုံး တွေ့ရတတ်သော်လည်း ရုပ်မြင်သံကြား၊ ရေဒီယို သို့မဟုတ် သတင်းစာများ အပါအဝင် သတင်းမီဒီယာများတွင်လည်း ပေါ်လာတတ်သည်။
နိုင်ငံခြားအစိုးရများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များသည် လူပုဂ္ဂိုလ်များနှင့် လူ့အဖွဲ့အစည်းများကို နည်းလမ်းအမျိုးမျိုးဖြင့် လွှမ်းမိုးရန်နှင့် လမ်းမှားသို့ ပို့ဆောင်ရန်အတွက် နိုင်ငံခြားမှ ကြားဝင်နှောင့်ယှက်မှု (Foreign interference) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ကြံသတင်းများကို အသုံးပြုနိုင်သည်။
လုပ်ကြံသတင်းများ ပျံ့နှံ့နိုင်သည့် နည်းလမ်းများ
လုပ်ကြံသတင်းများသည် အောက်ပါနည်းလမ်းအမျိုးမျိုးဖြင့် ပျံ့နှံ့နိုင်သည် -
- မက်ဆေ့ဂျ်ပို့သည့် အက်ပ်များနှင့် လူမှုကွန်ရက်များ - လူအများက ယုံကြည်ရသည့် အဆက်အသွယ်များအကြား သတင်းအချက်အလက်များကို တစ်ဆင့်ပြန်လည် ပေးပို့ရာမှ ပျံ့နှံ့တတ်သည်။
- လူမှုအသိုင်းအဝိုင်း သို့မဟုတ် စိတ်ဝင်စားမှုတူရာ အစုအဖွဲ့များအတွင်း မျှဝေသည့် အကြောင်းအရာများ - ရင်းနှီးကျွမ်းဝင်သော ရင်းမြစ်များမှ လာခြင်း သို့မဟုတ် မိမိတို့နားလည်သည့် ဘာသာစကားဖြင့် ဖြစ်နေခြင်းကြောင့် လူအများက ပိုမိုယုံကြည်တတ်ကြသည်။
- နယူးဇီလန်နိုင်ငံပြင်ပရှိ မီဒီယာများ သို့မဟုတ် ရင်းမြစ်များမှ သတင်းအချက်အလက်များ - ၎င်းတို့သည် နယူးဇီလန်၏ မီဒီယာများ သို့မဟုတ် ဒေသအခြေအနေများနှင့် ကိုက်ညီမှုမရှိဘဲ လွဲမှားနေနိုင်ပါသည်။
- လူမှုကွန်ရက် ပလက်ဖောင်းများ - TikTok ဗီဒီယိုများ၊ Instagram reels သို့မဟုတ် Twitter/X များကဲ့သို့သော အကြောင်းအရာတိုလေးများသည် လုပ်ကြံသတင်းများကို အလွန်လျင်မြန်စွာ ပျံ့နှံ့စေနိုင်သည်။
- လူထုအပေါ် လွှမ်းမိုးသူများ (Influencers) သို့မဟုတ် သက်ရောက်မှုပိုသော လွှမ်းမိုးမှုရှိသူများ (micro-influencers) သည် အားပေးထောက်ခံသောသူ (Followers) အများအပြားထံမှ ယုံကြည်မှုရရှိထားခြင်းကြောင့် လုပ်ကြံသတင်းများကို ပျံ့နှံ့စေနိုင်သည်။
- အင်တာနက်စာမျက်နှာများပေါ် မှ ရှာဖွေရေး အင်ဂျင်များ (Search engines) နှင့် အကြံပြုချက်များ သည် အသုံးပြုသူများ မရှာဖွေသည့် လုပ်ကြံသတင်းများကို ဖော်ပြခြင်းမျိုး ရှိနိုင်ပါသည်။
- အပြင်လောကတွင် မျှဝေခြင်း ဥပမာ လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ လုပ်ငန်းခွင်၊ ကျောင်း သို့မဟုတ် လူမှုပတ်ဝန်းကျင်အတွင်း တစ်ဆင့်စကားများ ပြောကြားခြင်း
လုပ်ကြံသတင်း အမျိုးအစားများ
မိမိမြင်တွေ့ရသည့် အကြောင်းအရာများအပေါ် စဉ်းစားဆင်ခြင်ခြင်း
စစ်ဆေးရန် -
- သတင်းရင်းမြစ်သည် ခိုင်လုံမှု ရှိ၊ မရှိ နှင့် အခြားယုံကြည်စိတ်ချရသော သတင်းဌာနများတွင်လည်း ထိုသတင်းကို ဖော်ပြထားခြင်း ရှိ၊ မရှိ။ ပိုမိုသိရှိလိုပါက Netsafe ၏ "သတင်းတုများကို မည်သို့ခွဲခြားမည်နည်း" (How to spot fake news) ဆိုသည့် အရင်းအမြစ်တွင် သွားရောက်လေ့လာနိုင်ပါသည်။
- မူရင်းသတင်း သို့မဟုတ် အချက်အလက်များ မည်သည့်နေရာမှ စတင်ပေါ်ထွက်လာသနည်းနှင့် ၎င်းကို မည်သူက အားပေးမြှင့်တင်နေသနည်း သို့မဟုတ် မျှဝေနေသနည်း။
- ရေးသားသူမှာ မည်သူဖြစ်ပြီး ၎င်း၏ နောက်ခံသမိုင်း၊ ရည်ရွယ်ချက် သို့မဟုတ် စိတ်ဝင်စားမှုများမှာ အဘယ်နည်း - (ဥပမာ - ၎င်းတို့သည် သတင်းအချက်အလက် ပေးရုံသက်သက်လား၊ စည်းရုံးလှုံ့ဆော်နေခြင်းလား၊ သီးခြားအမြင်တစ်ခုကို အားပေးမြှင့်တင်နေခြင်းလား သို့မဟုတ် လူအများ၏ သဘောထားကို လွှမ်းမိုးရန် ကြိုးပမ်းနေခြင်းလား စသည်ဖြင့်။)
စဉ်းစားရန် -
- ပြင်းထန်သော စိတ်ခံစားမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများ (ဥပမာ - အရေးတကြီးဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း) ကို တွေ့ရှိပါက ခေတ္တရပ်တန့်၍ စဉ်းစားပါ။
- ထိုအကြောင်းအရာကို အဘယ်ကြောင့် ဖန်တီးခဲ့သနည်း သို့မဟုတ် မျှဝေခဲ့သနည်းဟု မေးခွန်းထုတ်ကြည့်ပါ - (ဥပမာ - အများပြည်သူ၏ အမြင်ကို လွှမ်းမိုးရန်၊ ကလစ်နှိပ်ကြည့်မှု (clicks) များပြားစေရန် သို့မဟုတ် တစ်ခုခုလုပ်ဆောင်ရန် လှုံ့ဆော်ရန်။)
- အကယ်၍ ထိုသတင်းအချက်အလက်ကို လူအများက ယုံကြည်သွားလျှင် သို့မဟုတ် ထပ်ဆင့်မျှဝေလိုက်လျှင် မည်သူက အကျိုးအမြတ် ရရှိသွားမည်နည်း ဟု စဥ်းစားရန်။
ဥပမာအားဖြင့်၊ သင်သည် "ဒါကို မဖျက်ချခင် အခုချက်ချင်း ရှယ် (share) ကြပါ" ဆိုသည့် ပို့စ်မျိုးကို မြင်တွေ့ပါက၊ ၎င်းကို အဘယ်ကြောင့် ဤသို့မျှဝေနေရသနည်းဟု စဉ်းစားသင့်ပါသည်။
သင် ဝေခွဲမရဖြစ်နေချိန်တွင် လုပ်ဆောင်ရန်များ
တစ်ခုခုသည် လုပ်ကြံသတင်း (Disinformation) ဟုတ်၊ မဟုတ်ကို ချက်ချင်းမသိနိုင်ခြင်းမှာ သဘာဝပင်ဖြစ်ကြောင်း သတိရပါ။
သတင်းအချက်အလက်တစ်ခုကို ထပ်ဆင့်မမျှဝေမီ အချိန်ယူခြင်းက ၎င်းသတင်းသည် အမှန်တရားဖြစ်မဖြစ် စဉ်းစားရန်၊ အချက်အလက်များကို စစ်ဆေးရန်နှင့် မတိကျသော အရာများကို ပြန့်နှံ့မသွားအောင် တားဆီးရန် အခွင့်အရေးရစေပါသည်။
ထို့ပြင် သင်ယုံကြည်ရသော မိသားစုဝင်များ သို့မဟုတ် သူငယ်ချင်းများနှင့်လည်း ထိုသတင်းအချက်အလက်အပေါ် ၎င်းတို့၏ အမြင်များကို ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
နိုင်ငံခြားအစိုးရများနှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့များ (proxies) အသုံးပြုလေ့ရှိသော လုပ်ကြံသတင်းများ
နိုင်ငံခြားအစိုးရများနှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့များ (Proxies) က လုပ်ကြံသတင်း (Disinformation) များတွင် တမင်တကာ ထည့်သွင်းအသုံးပြုလေ့ရှိသော ဝိသေသလက္ခဏာအချို့မှာ အောက်ပါအတိုင်း ဖြစ်သည် -
- ပြင်းထန်သော စိတ်ခံစားမှုများ ဖြစ်ပေါ်စေခြင်း - ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် မကျေမနပ်ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေရန်အတွက် အရေးကြီးသော အချက်အလက်များ သို့မဟုတ် အထောက်အထားများကို တမင်ချန်လှပ်ထားတတ်ကြသည်။
- လှည့်ဖြားခြင်း သို့မဟုတ် ချဲ့ကားတင်ပြခြင်း - တုံ့ပြန်မှုတစ်ခုခု ရရှိရန် သို့မဟုတ် သတင်းအချက်အလက်များ လျင်မြန်စွာ ပျံ့နှံ့သွားစေရန်အတွက် အကြောင်းအရာများကို လွဲမှားစွာ သို့မဟုတ် ချဲ့ကား၍ တင်ပြတတ်ကြသည်။
- စိတ်လှုပ်ရှားစေသော စကားလုံးများကို အသုံးပြုခြင်း - စာဖတ်သူကို အချက်အလက်ပေးရန်ထက် စိတ်လှုပ်ရှား တုံ့ပြန်မှုဖြစ်စေရန် ပြင်းထန်သော စကားလုံးများကို အသုံးပြုခြင်း။
- ဘက်လိုက်သော သို့မဟုတ် ပုံစံခွက်ထဲမှ အမြင်များကို အသုံးပြုခြင်း - ကိစ္စရပ်တစ်ခု သို့မဟုတ် အစုအဖွဲ့တစ်ခုအပေါ် လူအများ၏ အမြင်ကို လွှမ်းမိုးရန်အတွက် သိသာသော ဘက်လိုက်မှုများ သို့မဟုတ် အစွဲအလမ်းဖြစ်စေသော ပုံစံခွက်အမြင် (Stereotypes) များကို အသုံးပြုခြင်း။
- ရှုထောင့်အမျိုးမျိုးကို ချန်လှပ်ထားခြင်း - ဇာတ်လမ်း သို့မဟုတ် အကြောင်းအရာတစ်ခု၏ တစ်ဖက်သတ်အမြင်ကိုသာ ဖော်ပြရန်အတွက် အခြားသော ရှုထောင့်များကို တမင်ဖုံးကွယ်ထားခြင်း။
- မှားယွင်းသော သို့မဟုတ် ခေတ်မမီတော့သော သတင်းများကို အသုံးပြုခြင်း - မှားယွင်းနေသော၊ လိုသလိုပြုပြင်ထားသော သို့မဟုတ် ခေတ်မမီတော့သော သတင်းအချက်အလက်များကို အမှန်တကယ်ကဲ့သို့ ဟန်ဆောင်တင်ပြခြင်း။
- စာလုံးပေါင်း သို့မဟုတ် သဒ္ဒါအမှားများ ပါဝင်ခြင်း - စာလုံးပေါင်းနှင့် သဒ္ဒါအမှားများ ခဏခဏပါဝင်နေခြင်းသည် သတင်းရင်းမြစ်၏ ခိုင်လုံမှုအားနည်းခြင်း သို့မဟုတ် ထိုအကြောင်းအရာကို အလောသုံးဆယ် ဖန်တီးထားခြင်းကို ပြသနေတတ်သည်။
- အရည်အသွေးနိမ့်သော သို့မဟုတ် အခြေအနေနှင့်မဆီလျော်သော ပုံရိပ်များကို အသုံးပြုခြင်း - လှည့်ဖြားထားသော သတင်းများကို အထောက်အကူဖြစ်စေရန်အတွက် အရည်အသွေးညံ့ဖျင်းသော၊ ပြုပြင်ထားသော သို့မဟုတ် မူလအခြေအနေနှင့် ကွဲလွဲနေသော ဓာတ်ပုံနှင့် ဗီဒီယိုများကို အသုံးပြုခြင်း။
မိမိ၏ လူမှုကွန်ရက် စာမျက်နှာကို စနစ်တကျ ပြုပြင်ထိန်းချုပ်ပါ
အကယ်၍ လူမှုကွန်ရက်အကောင့်တစ်ခုသည် မှားယွင်းသော သို့မဟုတ် လှည့်ဖြားသော သတင်းအချက်အလက်များကို မျှဝေနေပါက -
- ထိုသို့သော အကြောင်းအရာများ ထပ်မံပေါ်မလာစေရန်အတွက် အဆိုပါအကောင့်ကို Block (ပိတ်ပင်ခြင်း) သို့မဟုတ် Unfollow (နောက်လိုက်မှု ဖယ်ရှားခြင်း) ပြုလုပ်ပါ။
- အွန်လိုင်းပေါ်ရှိ အန္တရာယ်ဖြစ်စေသော အကြောင်းအရာများကို လျော့ပါးသက်သာစေရန် ထိုအကောင့်ကို သက်ဆိုင်ရာ လူမှုကွန်ရက် ပလက်ဖောင်းထံသို့ Report (တိုင်ကြားခြင်း) ပြုလုပ်ပါ။
လုပ်ကြံသတင်းများကို မည်သို့တိုင်ကြားရမည်နည်း
အွန်လိုင်းပေါ်ရှိ အန္တရာယ်ဖြစ်စေသော သို့မဟုတ် မှားယွင်းသော အကြောင်းအရာများကို အောက်ပါအတိုင်း တိုင်ကြားနိုင်ပါသည် -
- Netsafe ဝဘ်ဆိုက်တွင် တိုင်ကြားခြင်း - လုပ်ကြံသတင်းများနှင့် အခြားအန္တရာယ်ရှိသော အကြောင်းအရာများကို Netsafe ဝဘ်ဆိုက်တွင် တိုင်ကြားနိုင်ပါသည်။
- မီဒီယာဆိုင်ရာ အကြောင်းအရာများအတွက် တိုင်ကြားခြင်း - အကယ်၍ မီဒီယာတစ်ခုခုမှ အကြောင်းအရာများသည် လှည့်ဖြားနေခြင်း သို့မဟုတ် ထုတ်လွှင့်မှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်နေခြင်း ဖြစ်ပါက နယူးဇီလန် မီဒီယာကောင်စီ (New Zealand Media Council) သို့မဟုတ် ကြော်ငြာစံနှုန်းများ အာဏာပိုင်အဖွဲ့ (Advertising Standards Authority) တို့ထံ တိုင်ကြားမှု ပြုလုပ်ပါ။
- လူမှုကွန်ရက်ပေါ်တွင် တိုင်ကြားခြင်း - လူမှုကွန်ရက် ပလက်ဖောင်းများပေါ်ရှိ တိုင်ကြားခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ (Reporting features) ကို အသုံးပြု၍ လုပ်ကြံသတင်းများကို တိုင်ကြားပါ။
Netsafe တွင် ပိုမိုလေ့လာပါ
Netsafe သည် နယူးဇီလန်နိုင်ငံ၏ လွတ်လပ်သော၊ အကျိုးအမြတ်မယူသော အွန်လိုင်းဘေးကင်းလုံခြုံရေးအဖွဲ့အစည်းဖြစ်ပြီး နယူးဇီလန်နိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များ၊ မိဘများနှင့် အုပ်ထိန်းသူများ၊လူကြီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် လူတိုင်းအတွက် အွန်လိုင်းဘေးကင်းရေးဆိုင်ရာ ပံ့ပိုးကူညီမှု၊ ကျွမ်းကျင်မှုနှင့် ပညာပေးမှုများကို ဆောင်ရွက်ပေးနေသည်။
Headspace Invaders
Headspace Invaders သည် အပြန်အလှန်အကျိုးပြု ပလက်ဖောင်းတစ်ခုဖြစ်ပြီး အသက် 12 နှစ်မှ 16 နှစ်ကြားရှိ လူငယ်များအတွက် အွန်လိုင်းအကြောင်းအရာများကို ကြည့်ရှုလေ့လာရာတွင် ယုံကြည်မှုရှိစေရန်နှင့် ဝေဖန်ပိုင်းခြားနိုင်သော စွမ်းရည်များ (Critical thinking skills) တိုးတက်စေရန် ကူညီပေးနေပါသည်။ ၎င်းသည် လူငယ်များအနေဖြင့် အွန်လိုင်းပေါ်ရှိ လှည့်ဖြားဖျားယောင်းမှုများ၊ ဖိအားပေးမှုများနှင့် အန္တရာယ်များကို ခွဲခြားသိမြင်နိုင်စေရန် ကူညီပေးသည်။