မူရင်းနိုင်ငံသို့ ပြန်ရန် ဖိအားပေးခံရခြင်း Pressure to return to country of origin
အတင်းအဓမ္မ နေရပ်ပြန်ခိုင်းခြင်း (Coerced repatriation)
ပြည်ပကြားဝင်နှောင့်ယှက်မှုများ ပြုလုပ်နေသော နိုင်ငံခြားအစိုးရများသည် လူပုဂ္ဂိုလ်များကို ၎င်းတို့၏ ဆန္ဒမပါဘဲ နယူးဇီလန်နိုင်ငံမှ ထွက်ခွာ၍ မူရင်းနိုင်ငံသို့ ပြန်သွားစေရန် ခြိမ်းခြောက်ခြင်း သို့မဟုတ် အတင်းအဓမ္မ စေခိုင်းခြင်းများ ပြုလုပ်နိုင်ပါသည်။ ယင်းကို အတင်းအဓမ္မ နေရပ်ပြန်ခိုင်းခြင်း (Coerced repatriation) ဟု ခေါ်ဆိုသည်။
ထိုသို့ပြုလုပ်ရန်အတွက် နိုင်ငံခြားအစိုးရတစ်ခုသည် အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါသည် -
- ကာယကံရှင် သို့မဟုတ် ၎င်း၏ မိသားစုနှင့် မိတ်ဆွေများအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်၍ သွားလာမှုကို ကန့်သတ်ခြင်းနှင့် မူရင်းနိုင်ငံသို့ ပြန်လာရန် ဖိအားပေးခြင်း။
- ၎င်းတို့၏ မူရင်းနိုင်ငံတွင် ရှိနေသော ငွေကြေးဆိုင်ရာ ပိုင်ဆိုင်မှုများကို ပိတ်သိမ်းခြင်း (Freeze လုပ်ခြင်း)။
- မူရင်းနိုင်ငံရှိ မိသားစု၊ သူငယ်ချင်း သို့မဟုတ် မိတ်ဆွေများကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ကာယကံရှင်အား နေရပ်ပြန်လာရန် တိုက်တွန်းခိုင်းစေခြင်းဖြင့် ဖိအားပေးခြင်း။
အရေးကြီး မှတ်သားရန်မှာ ပြည်ပကြားဝင်နှောင့်ယှက်မှု၏ ပစ်မှတ်ထားခြင်းကို ခံရလျှင်ပင်၊ လူအများစုအနေဖြင့် အတင်းအဓမ္မ နေရပ်ပြန်ခိုင်းခြင်း (Coerced repatriation) ကို ကြုံတွေ့ရလေ့မရှိကြောင်း ဖြစ်သည်။
တရားခံလွှဲပြောင်းခြင်း (Extradition)
တရားခံလွှဲပြောင်းခြင်း (Extradition) ဆိုသည်မှာ အဘယ်နည်း
တရားခံလွှဲပြောင်းခြင်းဆိုသည်မှာ လူတစ်ဦးအား ပြစ်မှုဆိုင်ရာစွဲချက်များကို ရင်ဆိုင်စေရန် သို့မဟုတ် ပြစ်ဒဏ်ကျခံစေရန်အတွက် နိုင်ငံအချင်းချင်း ပြန်လည်ပို့ဆောင်ပေးရသော တရားဝင်ဥပဒေကြောင်းအရ လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ နယူးဇီလန်နိုင်ငံ၏ တရားခံလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို 1999 ခုနှစ် တရားခံလွှဲပြောင်းခြင်းဆိုင်ရာ အက်ဥပဒေ (Extradition Act 1999) တွင် ပြဋ္ဌာန်းထားသည်။
ဥပဒေနှင့်အညီ တရားခံလွှဲပြောင်းခြင်းသည် ပြည်ပကြားဝင်နှောင့်ယှက်မှု ပုံစံတစ်မျိုးမဟုတ်ပါ။
မည်သည့်အချိန်တွင် တရားခံလွှဲပြောင်းပေးရန် တောင်းဆိုနိုင်သနည်း
အကယ်၍ လူတစ်ဦးသည် ၎င်း၏မူရင်းနိုင်ငံတွင် ပြစ်မှုဆိုင်ရာစွဲချက် တင်ခံထားရလျှင် သို့မဟုတ် ပြစ်ဒဏ်ကျခံရန်ကျန်ရှိနေလျှင်၊ ထိုနိုင်ငံသည် အဆိုပါပုဂ္ဂိုလ် လက်ရှိနေထိုင်ရာနိုင်ငံထံသို့ တရားခံလွှဲပြောင်းပေးရန် တောင်းဆိုနိုင်ပါသည်။
တရားခံလွှဲပြောင်းရန် တောင်းဆိုသည့်နိုင်ငံသည် နိုင်ငံတကာသဘောတူစာချုပ် သို့မဟုတ် သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းဥပဒေအပေါ် အခြေခံ၍ တောင်းဆိုနိုင်ပါသည်။ နယူးဇီလန်နိုင်ငံထံမှ တရားခံလွှဲပြောင်းပေးရန် တောင်းဆိုရာတွင် အဆိုပါနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့အကြား သီးခြားစာချုပ်ရှိထားရန် တရားခံလွှဲပြောင်းခြင်းဆိုင်ရာ အက်ဥပဒေက သတ်မှတ်ထားခြင်းမရှိပါ။
တရားခံလွှဲပြောင်းပေးရန် တောင်းဆိုခြင်းဆိုသည်မှာ သက်ဆိုင်သူအား မူရင်းနိုင်ငံတွင် တရားစီရင်မှုခံယူရန် သို့မဟုတ် ပြစ်ဒဏ်ဆက်လက်ကျခံရန်အတွက် ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ပေးရန် လျှောက်ထားခြင်းဖြစ်သည်။
နယူးဇီလန်နိုင်ငံမှ တရားခံလွှဲပြောင်းပေးရန် တောင်းဆိုမှုများကို ကိုင်တွယ်ပုံ
နယူးဇီလန်နိုင်ငံတွင် အခြားနိုင်ငံများမှ တရားခံလွှဲပြောင်းပေးရန် တောင်းဆိုမှုများကို အစိုးရနှင့် တရားရုံးတို့က သုံးသပ်စဉ်းစားပါသည်။
အကယ်၍ တရားခံလွှဲပြောင်းပေးရန် တောင်းဆိုမှုများသည် နိုင်ငံရေးအရ ဖိနှိပ်ညှဉ်းပန်းရန်အတွက် အသုံးပြုနေခြင်းဖြစ်ပါက အဆိုပါတောင်းဆိုမှုများကို ငြင်းပယ်ရန် နယူးဇီလန်ဥပဒေက ပြဋ္ဌာန်းထားသည်။
ယင်းတွင် လူတစ်ဦးအား ၎င်း၏ လူမျိုး၊ မျိုးနွယ်စု၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံသား၊ လိင် သို့မဟုတ် အခြားအခြေအနေများ၊ သို့မဟုတ် နိုင်ငံရေးအယူအဆများကြောင့် အပြစ်ပေးရန် ရည်ရွယ်၍ တရားစွဲဆိုခြင်း သို့မဟုတ် (နိုင်ငံရေးအယူအဆ သို့မဟုတ် လှုပ်ရှားမှုများနှင့် ဆက်စပ်နေသော) နိုင်ငံရေးသဘာဝရှိသော ပြစ်မှုများအတွက် တရားစွဲဆိုခြင်းများ ပါဝင်သည်။
ထို့ပြင် လူတစ်ဦးအပေါ် စွပ်စွဲချက်သည် ရိုးသားဖြောင့်မတ်သော စိတ်စေတနာဖြင့် ပြုလုပ်ထားခြင်း မဟုတ်ခြင်းနှင့် တရားမျှတမှုအတွက် အကျိုးမရှိခြင်းတို့ ဖြစ်ပါကလည်း နယူးဇီလန်အနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခု၏ တရားခံလွှဲပြောင်းပေးရန် တောင်းဆိုမှုကို ငြင်းပယ်နိုင်ပါသည်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်ရာတွင် သက်ဆိုင်သူအား ပြန်လည်ပို့ဆောင်ခြင်းသည် မတရားခြင်း သို့မဟုတ် ဖိနှိပ်ခြင်းဖြစ်စေမည်ဆိုပါက အဆိုပါကိစ္စရပ်ကို ငြင်းပယ်နိုင်ပါသည်။
နယူးဇီလန်နိုင်ငံတွင် တရားခံလွှဲပြောင်းခြင်းကို စီမံခန့်ခွဲပုံ
အကယ်၍ အခြားနိုင်ငံတစ်ခုမှ တရားဝင်ဖမ်းဝရမ်း သို့မဟုတ် ပြစ်မှုဆိုင်ရာစွဲချက်များ ရှိနေပါက နယူးဇီလန်အစိုးရသည် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော တရားဝင်လုပ်ငန်းစဉ်များမှတစ်ဆင့် တရားခံလွှဲပြောင်းခြင်းကို စီမံခန့်ခွဲပါသည်။ နိုင်ငံခြားအာဏာပိုင်များအနေဖြင့် တရားခံလွှဲပြောင်းခြင်း လုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် နယူးဇီလန်နိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်များကို ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် ချဉ်းကပ်ခြင်းများ ပြုလုပ်၍မရပါ။
အကူအညီ ရယူနိုင်မည့်နေရာများ
ဥပဒေကြောင်းအရ ကိုယ်စားပြုမှုနှင့် အကြံဉာဏ်များ
အစိုးရဌာနများသည် တရားခံလွှဲပြောင်းခြင်း လုပ်ငန်းစဉ်ကို ကိုင်တွယ်ဆောင်ရွက်သော်လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ဥပဒေကြောင်းအရ အကြံပေးခြင်းမျိုး မပြုလုပ်နိုင်ပါ။
ထို့ကြောင့် တရားခံလွှဲပြောင်းပေးရန် တောင်းဆိုမှုနှင့် ရင်ဆိုင်နေရသူ မည်သူမဆို တရားခံလွှဲပြောင်းခြင်း၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေတို့ကို အထူးပြုသည့် ရှေ့နေတစ်ဦးနှင့် ဆက်သွယ်သင့်ပါသည်။
နယူးဇီလန်နိုင်ငံတွင် ရရှိနိုင်သော ဥပဒေဆိုင်ရာ အကူအညီများအကြောင်း ဤနေရာတွင် ပိုမိုလေ့လာပါ။