ပြည်ပကြားဝင်နှောင့်ယှက်မှုနှင့် ဆက်စပ်နိုင်သည့် အန္တရာယ်ရှိသော သို့မဟုတ် တရားမဝင်သော လုပ်ဆောင်ချက်များကို တိုင်ကြားခြင်း

မှတ်ချက် -ဤအချက်အလက်များသည် ယေဘုယျ သိမှတ်ဖွယ်ရာများသာ ဖြစ်ပါသည်။ သင်နားလည်သဘောပေါက်စေရန်သာ ရည်ရွယ်ပြီး ဥပဒေကြောင်းအရ အကြံပေးချက်မဟုတ်ပါ။
တိကျသော ဥပဒေဆိုင်ရာ အကြံဉာဏ်များအတွက် အရည်အချင်းပြည့်မီသော ဥပဒေပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ပါ။

ပြည်ပကြားဝင်နှောင့်ယှက်မှု၏ အစိတ်အပိုင်းအဖြစ် နိုင်ငံခြားအစိုးရများက လုပ်ဆောင်သော အန္တရာယ်ရှိသည့် လုပ်ဆောင်ချက်အချို့သည် နယူးဇီလန်ဥပဒေအရ ပြစ်မှုမြောက်ပြီးသား ဖြစ်ပါသည်။

အကယ်၍ ထိုသို့သော လုပ်ဆောင်ချက်များ ဖြစ်ပွားနေပါက သို့မဟုတ် ဖြစ်ပွားနေသည်ဟု ယူဆရမည့် အကြောင်းရင်းရှိပါက နယူးဇီလန်ရဲတပ်ဖွဲ့ (NZ Police) ထံသို့သော်လည်းကောင်း၊ နယူးဇီလန် မှုခင်းတားဆီးရေး Crime Stoppers New Zealand (Crime Stoppers) မှတစ်ဆင့် အမည်မဖော်ဘဲသော်လည်းကောင်း တိုင်ကြားသင့်ပါသည်။

အဆိုပါ လုပ်ဆောင်ချက်သည် ၎င်းကိုယ်တိုင်က ပြစ်မှုတစ်ခု ဖြစ်နေနိုင်သောကြောင့် နိုင်ငံခြားအစိုးရတစ်ခုနှင့် ဆက်စပ်နေကြောင်း သို့မဟုတ် ပြည်ပကြားဝင်နှောင့်ယှက်မှု ဖြစ်ကြောင်း သက်သေပြရန် မလိုအပ်ပါ။

လုပ်ဆောင်ချက်သည် မည်သည့်နေရာမှ စတင်လာသည် သို့မဟုတ် နိုင်ငံခြားအစိုးရတစ်ခု ပါဝင်ပတ်သက်နေခြင်း ရှိ၊ မရှိ မသေချာလျှင်ပင် NZ Police သို့မဟုတ် Crime Stoppers ထံ တိုင်ကြားနိုင်ပါသည်။ NZ Police က အခြေအနေကို သုံးသပ်ပြီး နောက်ထပ် အရေးယူဆောင်ရွက်မှု လိုအပ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ပါလိမ့်မည်။

ထိုလုပ်ဆောင်ချက်များတွင် အောက်ပါတို့ ပါဝင်သည် -

  • ခြိမ်းခြောက်ခြင်းနှင့် အကြောက်တရားဖြစ်အောင် လုပ်ဆောင်ခြင်း
  • ခြိမ်းခြောက်အကြပ်ကိုင်ခြင်း (Blackmail)
  • နောက်ယောင်ခံလိုက်ခြင်း (Stalking)
  • နှောင့်ယှက်စော်ကားခြင်း (Harassment)
  • ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် အကြမ်းဖက်မှုများ
  • ဟက်ကင်း (Hacking) ပြုလုပ်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကဲ့သို့သော ဆိုင်ဘာရာဇဝတ်မှုများ
  • ထိခိုက်နစ်နာစေရန် ရည်ရွယ်သည့် အွန်လိုင်းဆက်သွယ်မှုများ (ဥပမာ - အီးမေးလ်များ၊ လူမှုကွန်ရက်ပေါ်ရှိ အကြောင်းအရာများ သို့မဟုတ် အွန်လိုင်းဖိုရမ်များတွင် တင်သည့် စာသားများ) သည် ပြစ်မှုမြောက်နိုင်ပါသည်။
    အွန်လိုင်းမှတစ်ဆင့် ဘေးဥပဒ်ဖြစ်စေသော ဆက်သွယ်မှုများအကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့ ဝဘ်ဆိုက်တွင် ပိုမိုလေ့လာပါ။

နယူးဇီလန်ရဲတပ်ဖွဲ့ (NZ Police) ထံ ပြစ်မှုများကို တိုင်ကြားခြင်း

အရေးပေါ်အခြေအနေဖြစ်ပြီး လက်ရှိဖြစ်ပွားနေပါက 111 သို့ ခေါ်ဆိုပြီး ရဲတပ်ဖွဲ့ကို တောင်းဆိုပါ။

အကယ်၍ အရေးပေါ်အခြေအနေမဟုတ်ပါက နယူးဇီလန်ရဲတပ်ဖွဲ့ထံ အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည် -

  • အွန်လိုင်းပုံစံ 105 ကို အသုံးပြု၍ တိုင်ကြားခြင်း။
  • မည်သည့် မိုဘိုင်းဖုန်း သို့မဟုတ် ကြိုးဖုန်းမှမဆို 105 ကို ခေါ်ဆိုခြင်း။ ဤဝန်ဆောင်မှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခမဲ့ဖြစ်ပြီး 24 နာရီပတ်လုံး ဆက်သွယ်နိုင်ပါသည်။

ပုံစံ 105 တွင် နယူးဇီလန်ရဲတပ်ဖွဲ့မှ သင်၏တိုင်ကြားချက်ကို လုပ်ဆောင်ရန်နှင့် သင့်ထံ ပြန်လည်ဆက်သွယ်နိုင်ရန်အတွက် ကိုယ်ရေးအချက်အလက်အချို့ကို တောင်းဆိုပါလိမ့်မည်။ ရဲတပ်ဖွဲ့သည် ဤအချက်အလက်များကို ခွင့်ပြုထားသော ရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည်ဖြစ်ပါသည်။

Crime Stoppers ထံ အမည်မဖော်ဘဲ တိုင်ကြားခြင်း

Crime Stoppers New Zealand မှတစ်ဆင့် သတင်းအချက်အလက်များကို အမည်မဖော်ဘဲ မျှဝေနိုင်ပါသည်။

Crime Stoppers သည် မှီခိုမှုကင်းသော ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရာဇဝတ်မှုများ သို့မဟုတ် အခြားစိုးရိမ်ဖွယ်ရာ ကိစ္စရပ်များကို လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ရဲတပ်ဖွဲ့ကဲ့သို့သော အာဏာပိုင်များထံ ဘေးကင်းလုံခြုံပြီး ရိုးရှင်းသောနည်းလမ်းဖြင့် တိုင်ကြားနိုင်ရန် စီစဉ်ပေးထားပါသည်။

ယင်းတွင် နယူးဇီလန်နိုင်ငံအတွင်း ဖြစ်ပွားနိုင်ခြေရှိသော ပြည်ပကြားဝင်နှောင့်ယှက်မှုများနှင့် ပတ်သက်သည့် အချက်အလက်များလည်း ပါဝင်ပါသည်။

အမည်မဖော်ဘဲ တိုင်ကြားရန်အတွက် အွန်လိုင်းပုံစံ ကို အသုံးပြုနိုင်သည်၊ သို့မဟုတ် ဖုန်းနံပါတ် 0800 555 111 (ပြည်ပမှတိုင်ကြားလျှင် +64 9 927 3971) သို့ ဆက်သွယ်၍ ပြောကြားနိုင်ပါသည်။

သင်၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို အာဏာပိုင်များထံ မျှဝေမည်မဟုတ်ပါ။

အမည်မဖော်ဘဲ တိုင်ကြားခြင်းသည် ရဲတပ်ဖွဲ့အတွက် အရေးကြီးသော သတင်းအချက်အလက်များကို ပေးနိုင်သော်လည်း၊ တရားဝင်စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် လုံလောက်သော အချက်အလက်များ မဖြစ်နိုင်ခြင်းနှင့် တရားဝင်တိုင်ကြားချက် (Formal complaint) အဖြစ် သတ်မှတ်မည်မဟုတ်ခြင်းတို့ကို သတိပြုရန် အရေးကြီးပါသည်။

နိုင်ငံခြားလာဘ်ပေးလာဘ်ယူမှုကို တိုင်ကြားခြင်း

နိုင်ငံခြားလာဘ်ပေးလာဘ်ယူမှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လုပ်ငန်းတစ်ခုခုက နိုင်ငံခြားအစိုးရ အရာရှိတစ်ဦးအား ၎င်း၏ တရားဝင်ရုံးလုပ်ငန်းဆောင်တာများကို လွှမ်းမိုးနိုင်ရန် ရည်ရွယ်၍ လာဘ်ငွေကမ်းလှမ်းခြင်း၊ ပေးခြင်း သို့မဟုတ် ပေးမည်ဟု ကတိပြုခြင်းတို့ကို ဆိုလိုသည်။

ထို့ပြင် နယူးဇီလန်နိုင်ငံရှိ အစိုးရအရာရှိများကို နိုင်ငံခြားသားများက လာဘ်ငွေကမ်းလှမ်းခြင်း၊ ပေးခြင်း သို့မဟုတ် ပေးမည်ဟု ကတိပြုခြင်းသည်လည်း နိုင်ငံခြားလာဘ်ပေးလာဘ်ယူမှုတွင် အကျုံးဝင်ပါသည်။ နိုင်ငံခြားအစိုးရများ သို့မဟုတ် ၎င်းတို့၏ လက်ဝေခံအဖွဲ့များ (proxies) သည် ပြည်ပကြားဝင်နှောင့်ယှက်မှုများ ပြုလုပ်ရန်အတွက် နိုင်ငံခြားလာဘ်ပေးလာဘ်ယူမှုကို အသုံးပြုနိုင်ပါသည်။

အကယ်၍ သင်သည် နိုင်ငံခြားလာဘ်ပေးလာဘ်ယူမှုတစ်ခုကို သံသယရှိပါက ပြင်းထန်သော လိမ်လည်မှုတိုက်ဖျက်ရေးရုံး (Serious Fraud Office) သို့ အမည်မဖော်ဘဲ တိုင်ကြားနိုင်သည့် ကိရိယာမှတစ်ဆင့် လျှို့ဝှက်စွာ တိုင်ကြားနိုင်ပါသည် - Report Foreign Bribery - Serious Fraud Office New Zealand

ယခုအချက်အလက်ကို ဒီမှာ ဒေါင်းလုပ်ရယူပါ - မကြာမီ လာမည်